မိုးအေးအေးမှာ ဘယ်လိုမျိုး ကိုယ်ခံအားဖြည့်မယ် စိတ်ကူးလဲ
မုတ်သုံက ပျော်စရာ ကောင်းတယ်ဆိုပေမယ့် မိုးရာသီမှာ အမျိုးမျိုးသော ကူးစက်ရောဂါတွေကို ခံစားရနိုင်ပါတယ်။ တုပ်ကွေး၊ အအေးမိတာ၊ အစာအိမ်အူလမ်းကြောင်း ပြဿနာ စတာတွေပါ။ ဒီရောဂါတွေက ကိုယ်ခံအား နည်းတဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။
ဒါကြောင့် မိုးအေးအေးမှာ ကိုယ်ခံအားဖြည့်ဖို့ အစားအသောက် အနေအထိုင်ကို သေသေချာချာလေး ဂရုစိုက်ဖို့ လိုပါမည်။ ဒီတစ်ခေါက်မှာတော့ မိုးအေးအေးမှာ ကိုယ်ခံအား ကောင်းစေဖို့ စားပေးသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။
ဆေးရော အနာပါပေးတဲ့ မုတ်သုံ
မုတ်သုံကာလမှာ ရောဂါတွေ ကူးစက်ခံရနိုင်ခြေ များသလို ရောဂါတွေကို ခုခံရာမှာ အရေးပါတဲ့ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မယ့် သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေလည်း ပေါပေါများများ ထွက်ရှိပါတယ်။ အသီးအရွက်တွေမှာပါတဲ့ ဗီတာမင်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို စိတ်ရော ကိုယ်ပါ ကျန်းမာစေပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ဒီတော့ အဖျားအနာ များတဲ့ မုတ်သုံရာသီမှာ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင်တော့ အခုပြောပြမယ့် အသီးအရွက်တွေကို စားပေးဖို့ လိုပါမယ်။
- ပန်းဂေါ်ဖီစိမ်း - ပန်းဂေါ်ဖီစိမ်းမှာ ပိုတက်ဆီယမ်၊ ဆီလီနီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ပရိုတင်း၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင် ဘီအုပ်စု၊ အေ၊ စီ၊ အီး နဲ့ ကေ တို့ ပါဝင်နေတာကြောင့် နာတာရှည် ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ကိုယ်ခံအားကိုလည်း အားဖြည့်ပေးလို့ ဖျားနာမှုတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
- ဟင်းနုနွယ် - အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။
- အဆီထုတ် ဒိန်ချဉ် - အဆီထုတ် ဒိန်ချဉ်မှာ ပရိုတင်း နဲ့ သတ္တုဓာတ်တွေ ပါဝင်နေသလို အကျိုးပြု ဘက်တီးရီးယားတွေလည်း ပါဝင်နေတာကြောင့် မိုးရာသီမှာ ဖြစ်လေ့ရှိတဲ့ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်သလို ကိုယ်ခံအား ကောင်းစေနိုင်တာကြောင့် အအေးမိဖျားနာတာကိုလည်း သက်သာစေနိုင်ပါတယ်။
- ဖရဲသီး - အရည်ရွှမ်းပြီး အရသာလည်း ရှိတဲ့ ဖရဲသီးက ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင် အေ၊ ဘီ၊ စီတို့ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကလည်း မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- သလဲသီး - နီနီရဲရဲ သလဲသီးက ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင် အေ၊ စီ၊ အီး၊ ဖောလိတ်တို့ ကြွယ်ဝစွာ ပါဝင်နေတာက နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးသလို ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် မိုးရာသီရဲ့ အဖျားရောဂါတွေကို ကာကွယ်ချင်တယ်ဆိုရင်တော့ သလဲသီး စားပေးလို့ ရပါတယ်။
- လိမ္မော်သီး - ဖျားနာမှု ကင်းစေတယ်၊ အနာကျက်စေတယ်လို့ လူသိများတဲ့ ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်နေတဲ့ လိမ္မော်သီးက အအေးမိ တုပ်ကွေး မဖြစ်အောင် ကာကွယ်ရာမှာ ထောက်ကူပေးသလို မိုးရာသီမှာ အရေပြား ပြဿနာ ကင်းစေဖို့လည်း ထောက်ကူပေးမှာပါ။
ရာသီအလိုက် ကျန်းမာရေး ပြဿနာတွေကို တိုက်ထုတ်ရာမှာ အရေးပါတဲ့ ကိုယ်ခံအားကို အားဖြည့်ဖို့ အခုပြောခဲ့တာလေးတွေကို နေ့စဉ်စားသုံးမှုမှာ ပါဝင်အောင် စားသုံးပေးလို့ ရပါတယ်။
မွန်မွန်